ဗထူး။ မေ ၆၊ ၂၀၀၈
စစ်အစိုးရအနေဖြင့် ဒုက္ခရောက်နေသည့် ပြည်သူအပေါ်အမြတ်ထုတ်ကာ အဓမ္မဆန္ဒခံယူပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ပါတီက ယနေ့ပြောဆိုလိုက်သည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် နိုင်ငံ၏နေရာအနှံ့အပြားတွင် သေကြေပျက်စီးမှုများဖြင့် ရင်ဆိုင်နေ ရချိန်တွင် စစ်အစိုးက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ အချို့မြို့နယ်များတွင် မေလ (၂၄)ရက် နေ့တွင် ဆန္ဒခံယူပွဲကျင်းပရန် ပြင်ဆင်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက် ခြင်းဖြစ်သည်။
ယနေ့နေ့လည်ပိုင်း စစ်အစိုးပိုင် ရုပ်သံအစီအစဉ် (MRTV-4)တွင် အမိန့်ကြေညာချက် ၈/၂၀၀၈ ဖြင့် ဧရာဝတီတိုင်း (၇)မြို့နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၄၀)တို့တွင် သဘာဝဘေး ဒဏ်ကျရောက်သောဒေသများအဖြစ် ဆက်လက်သတ်မှတ်ပြီး ဆန္ဒခံယူပွဲကျင်းပမည့်ရက်အား (၂၄)ရက်တွင်ကျင်းပမည်ဟု ကြေညာခဲ့သည်။
အဆိုပါကြေညာချက်အရ ပြင်ဆင်သတ်မှတ်ခဲ့သည့် ဆန္ဒခံယူမည့်ရက်သည် ရက်ပေါင်း(၁၃) ရက်သာ ကွာခြားနေပြီး လက်ရှိဖြစ်ပေါ်နေသည့် အပျက်အစီးများနှင့် အိုးအိမ်မဲ့ပြည်သူများ၏ အခြေအနေများ ပုံမှန်ပြန်လည်ရောက်ရှိရန် လုံလောက်ခြင်းမရှိပဲ စစ်အစိုးရအနေဖြင့် ယခုကဲ့သို့ အဓမ္မပြုလုပ်ခြင်းသည် ပြည်သူလူထု၏ အကျိုးကိုသေချာစွာမကြည့်ပဲ ပြည်သူဒုက္ခရောက်သည့် အပေါ် နိုင်ငံရေးအရအမြတ်ထုတ်ခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် က ပြောသည်။
ဦးအောင်မိုးဇော်က “လေဘေးသင့်တဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ပြန်လည်ထူထောင်ဖို့ ကိစ္စ တွေဟာ အချိန်တော်တော်ကြာအောင်လုပ်ရမယ်၊ ပြည်သူတွေရဲ့ ၀မ်းနည်းပူဆွေးမှုတွေ၊ စိတ် ထိခိုက်မှုတွေကို အနိမ့်ဆုံးအဆင့် တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ဆိုရင် လအချို့ကြာနိုင်တယ်၊ ဒါ တောင်မှ အုပ်ချုပ်တဲ့သူတွေအနေနဲ့ကော၊ တတိုင်းပြည်လုံးအတိုင်းအတာအနေနဲ့ကော ၀ိုင်းဝန်း ပူးပေါင်းပြီးတော့ ဆောင်ရွက်မှ လအချို့ကြာမှာဖြစ်တယ်” ဟု ပြောဆိုသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယနေ့နံနက်ပိုင်းက ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ရာ ပြည်သူအများ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်အိုးအိမ်ဆုံးရှုံးနစ်နာမှုများ ထိခိုက်ခံစားနေရ သည့်အချိန်တွင် ပြည်သူလူထု လက်တွေ့ကြုံတွေ့နေရသော ဆင်းရဲဒုက္ခရောက်ရမှုများကို စာနာ ထောက်ထားကာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား ကာလတခုအထိ ရက်သတ်မှတ် ရွှေ့ဆိုင်းသင့် ကြောင်း တိုက်တွန်းကြေညာခဲ့သည်။
စစ်အစိုးရအနေဖြင့် ယခုကဲ့သို့ ဆန္ဒခံယူပွဲကျင်းပမည့်ရက် ရွှေ့ဆိုင်းခြင်းကို တပြည်လုံးအတိုင်း အတာဖြင့် တပြေးညီမကြေညာခြင်းနှင့်ပတ်သက်၍ ဦးအောင်မိုးဇော်က ဆက်လက်၍ “အဲ့ဒီလို နှစ်ပိုင်းလုပ်တဲ့အခါကျတော့ အနိမ့်ဆုံးအဆင့် ရလဒ်တွေကိုကြေညာဖို့ အချိန်အများကြီး ရွှေ့ လိုက်ရမယ်၊ အဲ့ဒီကြားကာလအတွင်းမှာ စာရင်းတွေ၊ မဲတွေကို ကြိုက်သလိုလိမ်လိမ့်မယ်၊ လိုချင် တဲ့ဟာ မဖြစ်ဖြစ်အောင် သူတို့လုပ်လိမ့်မယ်၊ နောက်ပြည်သူတွေဒုက္ခရောက်နေတာကို တည့် တည့်မကြည့်ပဲနဲ့ ဒီအပေါ်မှာအခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်ဖို့ ကြိုးစားတာဖြစ်တယ်၊ အင်မတန်မှကို ရုပ်ဆိုးတယ်လို့ အဲ့ဒီလိုပဲ ပြောချင်တယ်” ဟုပြောသည်။်။
(ကျနော် သတင်းများကို ကူးယူထားခြင်းဖြစ်ပါတယ် )
No comments:
Post a Comment