၈၈၈၈ မမေ့ရ

၈၈၈၈ မမေ့ရ
မမေ့သင့်သောနေ့ 

8888 မမေ့ပါနှင့်

8888 မမေ့ပါနှင့်

Aug 4, 2008

မော်လမြိုင်တွင် လိုင်စင်လုပ်မည့်ဆိုင်ကယ်များ တိုကင်ပေးမှုရပ်ဆိုင်းထား NEJ/ ၄ သြဂုတ် ၂၀၀၈

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို (၄) လတိုင် လိုင်စင်ထုတ်ပေးမည်ဟု အစိုးရက ကြေညာထား သော်လည်း မော်လမြိုင်မြို့တွင် သြဂုတ်လ (၁) ရက်၌ လိုင်စင်လုပ်မည့် တိုကင်ပေးမှုကို ရပ်ဆိုင်း လိုက်သည့်အတွက် လိုင်စင်လုပ်မည့် မော်လမြိုင်မြို့ခံများ စိုးရိမ်နေကြသည်။

နအဖ စစ်အစိုးရက ရန်ကုန်တိုင်းနှင့် နေပြည်တော်မှအပ မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ် များကို ပြီးခဲ့သည့် ဇူလိုင် (၁) ရက်မှ အောက်တိုဘာ (၃၁) ရက်အထိ (၄) လ တိုင်တိုင် လိုင်စင်များ ထုတ်ပေးမည်ဟု ကြေညာထားသည်။

မော်လမြိုင်တွင် လိုင်စင်လုပ်ရန် သွားရောက်ခဲ့သူ တဦးက “သြဂုတ်လ (၁) ရက်နေ့ မနက် (၃) နာရီ လောက်မှာ ကျနော် တိုကင်ယူဖို့ သွားတန်းစီတယ်။ ကျနော့် အရှေ့မှာ အစီး (၃၀) လောက်ရှိတယ်။ (၁၀) စီးလောက်ကိုပဲ တိုကင်ထုတ်ပေးရသေးတယ်၊ တိုကင်ကုန်သွားပြီ။ သြဂုတ် (၂၇) ရက်နေ့ အထိ တိုကင် မရှိတော့ဘူး။ ဒါကြောင့် တိုကင်ပေးတာ ရပ်ထားမယ်၊ နောက်မှ လာစုံစမ်းပါဆိုပြီး ပြောတယ်။ လိုင်စင်ပေးတာ (၁) လလောက်ပဲ ရှိသေးတယ်။ နှစ်လစာလောက် ကုန်နေပြီဆိုတော့ စိုးရိမ်စရာပဲ” ဟု ပြောသည်။

ထိုသို့ ပြောဆိုမှုများကြောင့် လိုင်စင်ပြုလုပ်ရန် ကျန်နေသေးသည့် ဆိုင်ကယ်ပိုင်ရှင်များသည် ၎င်းတို့ ၏ ဆိုင်ကယ်များ လိုင်စင်ရရှိရန် သေချာမှု ရှိမရှိဆိုသည်ကို စိုးရိမ်နေကြသည်။

နအဖက မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင် (၁) ရက်မှစ၍ လိုင်စင် ပြုလုပ်ပေးလျက်ရှိပြီး မန္တလေး၊ မော်လမြိုင်၊ ပဲခူး၊ မြစ်ကြီးနား စသည့် မြို့တို့တွင် ဆိုင်ကယ် လိုင်စင် ပြုလုပ်မည့်သူ များပြားလွန်းသည့်အတွက် ညအိပ်စောင့်ဆိုင်းရခြင်း၊ တာဝန်ရှိသူများက လာဘ်ယူ ပြုလုပ်ပေးခြင်းတို့နှင့် ကြုံကြရကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းသို့ လိုင်စင်များ ထုတ်ပေးနေသည့် တချိန်တည်းမှာပင် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်မှ လိုင်စင်မဲ့ဆိုင်ကယ်များ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း၊ ကေအိုင်အေ ကချင် ငြိမ်းချမ်းရေး အဖွဲ့ ထိန်းချုပ်ထားသည့် လိုင်ဇာစခန်းမှတဆင့် မြစ်ကြီးနားဘက် ၀င်လာသည့် တရုတ်ဆိုင်ကယ် များကို မြို့အ၀င်၌ ဖမ်းဆီးနေသည်ကလွဲပြီး အခြားနယ်စပ် ၀င်ပေါက်များတွင်မူ သက်ဆိုင်ရာဒေသ အာဏာပိုင်များက လာဘ်ငွေယူကာ ဖမ်းဆီးမှု မရှိကြောင်း ဆိုင်ကယ်ပွဲစားများက ပြောသည်။

ထိုင်းနယ်စပ် မြ၀တီဘက်တွင်မူ အာဏာပိုင်သားသမီးများနှင့် ဒီကေဘီအေအဖွဲ့ပေါင်းပြီး ထိုင်း နိုင်ငံလုပ် ဆိုင်ကယ်များကို ကားအစီးလိုက် မော်လမြိုင်၊ ဘားအံ၊ ပဲခူး၊ မန္တလေးဘက်အထိ အမြောက်အမြား မှောင်ခိုတင်ပို့နေကြကြောင်း သိရသည်။

၂၀၀၄ ခုနှစ် ယခင် လိုင်စင်မဲ့ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးစဉ်က (၁) လကျော်အတွင်း ဆိုင်ကယ်စီးရေ (၄) သိန်းခွဲကျော်ခန့် မှတ်ပုံတင်ခဲ့ပြီး ယခုတကြိမ်တွင် (၄) လအတွင်း ဆိုင်ကယ် စီးရေ (၇) သိန်းဝန်းကျင်ခန့် ရှိမည်ဟု မန္တလေး ကညန ၀န်ထမ်းတဦးက ခန့်မှန်းသည်။

သို့သော် လိုင်စင်မဲ့ဆိုင်ကယ်များ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်နေပြီး ဆိုင်ကယ်လိုင်စင်လုပ်ရန် တိုကင်ထုတ်ပေးမှုမှာ တနေ့အစီး (၂၅၀) နှင့် (၃၀၀) အကြားသာ ရှိသဖြင့် ထိုနှုန်းအတိုင်းသာ သွားပါက လိုင်စင်ထုတ်ပေးရန် သတ်မှတ်ထားသည့် သက်တမ်း(၄) လအတွင်း လိုင်စင်မဲ့ဆိုင်ကယ် များ ကုန်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း၌လည်း ပြီးခဲ့သည့် သြဂုတ် (၁) ရက်မှစပြီး စည်ပင်သာယာနယ်နိမိတ် ပြင်ပ မြို့နယ် တို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို စတင် လိုင်စင်ပြုလုပ်ပေးနေသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား မှတ်ပုံတင်ပေးနေသည့် မြို့နယ်များမှာ ရန်ကုန်တောင်ပိုင်း၌ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ သံလျင်၊ ကျောက်တန်း၊ ကိုကိုးကျွန်း၊ လှိုင်မြစ်တဖက်ကမ်း၌ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ရန်ကုန်မြောက်ပိုင်း၌ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနှင့် ထန်းတပင်တို့ ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များအား မြို့နယ်အလိုက် အလှည့်နှင့် လိုင်စင်များလုပ်ပေးနေကြောင်း အခြားမြို့များလောက် ဆိုင်ကယ်အရေအတွက် မများကြောင်း သိရသည်။ ။

No comments: