![]()
ကပ်ဘေးရောက်နေသူများအတွက် နိုင်ငံတကာ အကူညီများကို ကန့်သတ်မှု ဆက်လက် ပြုလုပ် နေမည်ဆိုပါက လာမည့် မေ (၂၃) ရက်တွင် ပြည်သူတရပ်လုံး လမ်းမပေါ်ထွက် ဆန္ဒပြရန် သံဃာများ၏ တိုက်တွန်းချက်ကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) မှ ထောက်ခံလိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ ချုပ် (ထိုင်းနိုင်ငံ) တို့က ဆန္ဒပြရန် တိုက်တွန်းချက်အပေါ် ကျရာအခန်းကဏ္ဍမှ ကူညီပံ့ပိုးသွား မည်ဟု ယမန့်က NCUB မှ သဘောထား ထုတ်ပြန်လိုက်သည်။
NCUB ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိဏ်းက သံဃာတော်များက ကပ်ဘေးဆိုးကြီးဒဏ်မှ လွတ် မြောက်အောင် တကမ္ဘာလုံးက ကူညီဆောင်ရွက်ပေးနိုင်သည့်အခြေအနေ တရပ်ဖြစ်ပေါ်လာရန် တောင်းဆိုသည့် တိုက်ပွဲဖြစ်သောကြောင့် အလေးအနက် ထောက်ခံကြောင်း ပြောသည်။
၎င်းက “နိုင်ငံတကာက ကူညီတဲ့ ပစ္စည်းတွေဟာ ဒီနေ့ ရန်ကုန်မှာရှိတဲ့ ဈေးကွက်တချို့ပေါ်မှာ ရောက်နေတယ်။ အဲဒါတွေကို လွန်ခဲ့တဲ့ရက်နေ့တွေက အတင်းအဓမ္မ ပိတ်ပင်သိမ်းဆည်း နေရတဲ့ အပြင်ကို ဥပဒေအမိန့်တွေထုတ်ပြီး တားဆီးနေရတဲ့ အခြေနေမျိုးဟာ သူ့ဘက်က တရားဥပဒေ စိုးမိုးမှုနဲ့ နိုင်ငံသားတွေပေါ် စစ်မှန်တဲ့ စေတနာမရှိဘူးဆိုတာကို ထင်ထင်ရှားရှား ပေါ်လွင်နေ တာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူလူထုနဲ့ အာဏာပိုင်တွေကြား ကွာဟမှု ပိုကြီးမားလာနိုင်တယ်” ဟု ပြောသည်။
မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေမှုကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးအတွက် အတုအယောင်ဆန္ဒခံယူပွဲကို အဓမ္မကျင်းပခဲ့သောကြောင့် လူ (၂) သန်းကျော်သည် မလိုလား အပ်သော နောက်ဆက်တွဲ ရောဂါဘယများနှင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံနေရကြောင်း အတိုက်ခံများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ကလည်း မဲမသမာမှုများ၊ အတင်းကျပ်ထောက်ခံမဲ ထည့်ခိုင်းမှုနှင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ဦးအောင်တိုးခေါင်းဆောင်သော ဆန္ဒခံယူပွဲ ကော်မရှင်ကို ဖျက်သိမ်းသင့်ကြောင်းနှင့် ဆန္ဒ ခံယူပွဲရလဒ်ကို အတည်မပြုသင့်ကြောင်း ယမန့်နေ့က ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့သည်။ ။(သတင်းများကို ကျနော် ကူးယူထားခြင်းဖြစ်ပါတယ် ၊)
No comments:
Post a Comment